Attention Seekers
လူတိုင်းနီးပါးရဲ့ လက်တစ်ကမ်းမှာ အာရုံစိုက်ခံချင်ကြသူတွေဟာ ရှိကိုရှိပြီး အနည်းအကျဥ်း ကြုံဆုံဖူးကြမှာပါ။ အတိုင်းအတာတစ်ခုအထိ လူတို့ဟာ အာရုံစိုက်ခံချင်ပါတယ်။ မိမိဖြစ်တည်မှုကို အသိအမှတ်ပြုခံချင်ကြပါတယ်။
အာရုံစိုက်ခံချင်သော အကျင့်စရိုက် ရှိခြင်းကို ရိုးရှင်းစွာ လျစ်လျူရှုလိုက်သင့်သလား? ဒါမှမဟုတ် သေချာစွာ ကိုယ်တွယ်သင့်တဲ့ပြသာနာလား?
Attention seeking behavior ဆိုတာ ဗီဇအရ ထိုသူဟာ လူအများရဲ့ သတိပြုမှု၊ လူအများဆီက လေးလေးနက်နက် ဆက်ဆံခံရမှု၊ အချစ်ခံရမှုတွေကို တောင့်တခြင်းပါ။ ဒီတောင့်တမှုကို နှိုးဆွပေးတဲ့အရာတွေကတော့ မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းခြင်း၊ မနာလိုဝန်တိုခြင်း၊ အထီးကျန်ဆန်ခြင်းတို့ ဖြစ်ပါတယ်။ အာရုံစိုက်ခံချင်တဲ့ အပြုအမူတွေကြောင့် တစ်ပါးသူကို ခြယ်လှယ်လိုစိတ် အရိပ်အယောင်တွေရှိတယ်၊ ဆက်ဆံရေးတွေ ပြတ်တောက်တဲ့အထိ ပြင်းထန်လာမယ်၊ အပြုအမူတွေ စိပ်လာမယ်၊ အလုပ်ထဲမှာရော လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာပါ ဝင်ဆန့်ဖို့ ခဲယဥ်းလာမယ်ဆိုရင်တော့ နဂို စိတ်နေသဘောထားကိုက အရိုင်းဆန်ခြင်းလား (သို့) စိတ်ကျန်းမာရေးမူမမှန်ခြင်းလား စဥ်းစားစရာပါ။
အာရုံစိုက်ခံချင်ခြင်းရဲ့ ဥပမာအချို့
- မိမိ ပိုင်ဆိုင်မှု၊ သွင်ပြင်လက္ခဏာ၊ အောင်မြင်မှုတို့ကို စဥ်ဆက်မပြတ် ကြွားဝါခြင်း
- မိမိကိုယ်ကို ကိုယ်ရည်သွေးခြင်း
- မိမိ၌ ဖြစ်ပေါ်နေသောအရာအားလုံးသည် ဖြစ်ရပ်ဆန်းကဲသို့ ပြုမူပြောဆိုခြင်း
- အမြဲတစေ လူအားလုံးရဲ့ အာရုံအလယ်ဗဟိုဖြစ်လိုခြင်း
- သူတစ်ပါးအား မကြာခဏ ကန့်ကွက်ပြောဆိုခြင်း
- တစ်ပါးသူ စိတ်မသက်သာရာဖြစ်စေသည်အထိ၊ စည်းကျော်သည်အထိ ကဲ့ရဲ့ဝေဖန်ခြင်း… စသည်တို့ဖြစ်ပါတယ်။
အာရုံစိုက်ခံချင်စိတ်နဲ့ ပင်ကိုစရိုက်များ
၁။ Histrionic Personality Disorder
ဒရမ်မာဆန်တဲ့ ပင်ကိုစရိုက်ရှိသူလို့ဆိုနိုင်ပါတယ်။ ဒီပင်ကိုစရိုက်ကို ပိုင်ဆိုင်သူများဟာ စိတ်လိုက်မာန်ပါ ဆုံးဖြတ်တတ်ကြတယ်။ စိတ်ခံစားမှုများပြီး စိတ်မတည်ငြိမ်တတ်ဘူး။ အပြင်ပိုင်း သွင်ပြင်လက္ခဏာကို အစွဲအလမ်းကြီးတယ်။ ကိုယ်ချင်းစာတတ်ခြင်းမရှိ၊ သူတစ်ပါးကို ဂရုစိုက်လေ့မရှိပါ။ သို့သော် သူတို့အပေါ်ကို အာရုံစိုက်မှုအားလုံးကို လိုချင်တယ်။ သူတို့ဆီမှ အာရုံလွဲသွားရင် စိတ်မသက်မသာဖြစ်ကာ အလွယ်တကူ ပျင်းရိသွားတတ်ပါတယ်။ အာရုံစိုက်နိုင်မှုကာလ တိုတောင်းတယ်။ စစ်မှန်သော ဆက်ဆံရေး တည်ဆောက်နိုင်ဖို့ ခဲယဥ်းပါတယ်။
၂။ Borderline Personality Disorder
သူတို့သည် သူတစ်ပါးရဲ့ လက်လွှတ်ပစ်ပါယ်ခံရမှာ အလွန်ကြောက်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုနည်းတယ်။ စိတ်လိုက်မာန်ပါ တဇွတ်ထိုးဆန်တဲ့ အပြုအမူတွေ (ဥပမာ ကားတရကြမ်းမောင်းခြင်း) ပြုလုပ်တတ်တယ်။ မိမိကိုယ်ကို နာကျင်အောင် ပြုလုပ်ဖို့ ၊ သတ်သေဖို့ ကြိုးစားတတ်ကြတယ်။ ဒေါသကြောင့် ပေါက်ကွဲတာ၊ ပုတ်ခတ်ပြောဆိုတာတွေ တွေ့ရတတ်ပါတယ်။
၃။ စိတ်ကျန်းမာရေးပြသာနာများ
- စိတ်နှစ်ခွဖြစ်ခြင်း
- အတ္တကြီးခြင်း
- အာရုံစိုက်ဖို့ခဲယဥ်းသော စိတ်အခြေအနေ
- အပြင်းအထန် အာခံရန်လိုတတ်ခြင်း
- စိတ်လိုက်မာန်ပါ အပြုအမူများ၊ ယုတ်ရင့်ကြမ်းတမ်းသောစကားများ မကြာခဏ ပြုမူပြောဆိုတတ်ခြင်း တို့ဖြစ်ပါတယ်။
လူအများစုက အာရုံစိုက်ခံချင်သော အကျင့်စရိုက်တွေအပေါ် စိတ်မသက်မသာဖြစ်ရသော်ငြား ရှုထောင့်အမှန်က သုံးသပ်ကြည့်ရင် စိတ်ဝေဒနာရှင်သည် သူ့အခက်အခဲအတွက် သွယ်ဝိုက်စွာ အကူအညီတောင်းခေါ်ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
အခါအခွင့်သင့်ရင် မိမိတို့ ချစ်ခင်ရင်းနှီးရသော ထို ပုံမှန်ထပ် သိသိသာသာ အာရုံစိုက်ခံချင်သော မိတ်ဆွေ၊ မိသားစုဝင်၊ သူငယ်ချင်း တို့ကို လက်လွတ်စပယ် မပစ်ထားဘဲ စကားကောင်းများ ပြောပေးခြင်းဖြင့် ဖေးမကူညီပါ။ မိမိတို့ရဲ့ အားပေးစကားလေးတစ်ခွန်းဟာ ထိုသူတို့လိုလားတောင့်တနေတဲ့ အချက်ဖြစ်နေနိုင်သည်ဟု မှတ်ယူပြီး ဂရုစိုက်ပေးဖို့ အကြံပြုပါတယ်။